Thursday, February 24, 2011

စားမှုသောက်မှု အသုံးအဆောင် ဥပစာ

ဥပစာ စကားများကို အခြေပြုရာ နယ်ပယ်အရ စူးစမ်းဖော်ထုတ် ရာတွင်  လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်းမှာ လူ၏ အပြုအမူ၊ အမူအရာနှင့် တိရစ္ဆာန် တို့ကို အခြေပြုသော ဥပစာများကို စူးစမ်းဖော်ထုတ် ဆွေးနွေးခဲ့ပါသည်။ ယခုလတွင် အသုံးအဆောင် ပစ္စည်းများကို အခြေပြုသော ဥပစာများ အကြောင်း ဆွေးနွေးပါမည်။

လူတို့၏ စားဝတ်နေမှု ဆိုင်ရာ အသုံးအဆောင် များစွာရှိကြောင်း အများသိပါသည်။ ယင်းတို့အနက် စားမှုသောက်မှု ဆိုင်ရာ အသုံးအဆောင်များတွင် စားသောက်စရာများ၊ ချက်ပြုတ်စရာများ၊ ချက်ပြုတ်သည့် နေရာစသည်တို့ကို အခြေ ပြု၍ တင်စား သုံးနှုန်းသော ဥပစာ စကား အများစုမှာ “မီးဖိုခန်း” မှ ထွက်လာသော ဥပစာများဟု ဆိုရပါလိမ့်မယ်။
မြန်မာ့ အစားအစာများတွင် “ချဉ်ဖတ်” ဟု ဆိုလျှင် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်ကို ဆိုလိုကြောင်း ထမင်းဝိုင်းတွင် တို့စရာအဖြစ် စားရကြောင်း အထူး ရှင်းပြရန်လိုမည် မထင်ပါ။ သို့သော် ချဉ်ဖတ်၏ အရသာကို အကြောင်းပြု၍ ချဉ်စရာ၊ မနှစ်မြို့စရာ ကောင်းသူကို “ဒီလူကတော့ ပြည်သူ့ချဉ်ဖတ်ပဲ၊ ဒီရပ်ကွက်မှာ မင်းညီက ချဉ်ဖတ်ဖြစ်နေပြီ၊ ဆုံးမထားအုန်း” စသည်ဖြင့် တင်စားသုံးသော အခါ “ချဉ်ဖတ်” သည် “လူအများ မနှစ်မြို့ခြင်း ခံရသူ” ဆိုသော ဥပစာအနက် ထင်သည့် ဥပစာစကား ဖြစ်သွားရပါသည်။

“ဘတ်စ်ကားတွေ ကျပ်လိုက်တာ ငါးပိသိပ် ငါးချဉ်သိပ်ပဲ” ဟု သုံးလျှင် ငါးပိငါးချဉ်များ အိုးထဲမှာ သိပ်ထည့်ထားသလို ပြည့်သိပ် ကျပ်တည်းသည့် အခြေအနေကို တင်စားပြောခြင်း ဖြစ်ကြောင်း နားလည် ရပါသည်။ “အလွန်ပြည့်သိပ် ကျပ်တည်းစွာ” ဟု အဓိပ္ပာယ် ရပါသည်။ မြန်မာ့ အစားအစာတွင် ထမင်းသည် အခြေခံ အစားအစာဖြစ်သည့် အလျောက် ထမင်းကို အခြေခံသော ဥပစာ အများအပြား ပေါ်ပေါက်လာသည်။ ရေရှည်ကို မကြည့်ဘဲ ယခု အကျိုးရှိရုံ သာ ကြည့်တတ်ခြင်းကို ထမင်းတစ်နပ် စားရရုံသာ ကြည့်တတ်ခြင်းနှင့် တင်စားကာ“တစ်နပ်စား လုပ်သွားတယ်”၊ “တစ်နပ်စား ဥာဏ်နဲ့ ဒီလိုလုပ်တာပဲ” စသည်ဖြင့် သုံးလေ့ ရှိပါသည်။ ထမင်းအိုး မြန်မြန်ဆူပြီး မြန်မြန်နပ်သည့် အခြေအနေကို အစွဲပြု၍ ပြီးလွယ် စီးလွယ်သော ကိစ္စကို “ဆူလွယ်နပ်လွယ်” ဟု တင်စားသုံးပါသည်။“ဒီအလုပ်က ဆူလွယ်နပ်လွယ်ပဲ၊ အချိန်သိပ် မစောင့်ရဘူး” စသည်ဖြင့် သုံးတတ်ပါသည်။ ထို့အတူ ထမင်းစားခြင်း၊ ရေသောက်ခြင်းကဲ့သို့ အခြေခံ အကြောင်းလောက်သာ ပြောတတ်သည်ကို “သူက အင်္ဂလိပ် စကားကို ထမင်းစား ရေသောက်တော့ ပြောတတ်ပါတယ်” စသည်ဖြင့် သုံးလေ့ရှိပါသည်။
ထမင်းစားဖို့ ကိုယ်တိုင် ခူးခပ်စရာ မလိုဘဲ အဆင်သင့် စားရပုံကို အစွဲ ပြု၍ “ထမင်းပွဲရှေ့ရောက်” ဆိုသော စကားကို “စားသောက်ရန် အဆင်သင့်” ဟူသော အဓိပ္ပာယ် ဖြင့် တင်စားသုံးလေ့ ရှိပါသည်။ “ဦးလေးတို့ ကျွန်တော့်အိမ် လာလည်ရင် ထမင်းပွဲ ရှေ့ရောက် ပြုစုပါ့မယ်” ဟု သုံးပုံမျိုးဖြစ်သည်။ ကျွေးမွေး လှူဒါန်းရာတွင် ထမင်းအိုး ငှဲ့လိုက်သော ထမင်းရည်များ ချောင်းစီးအောင် အကြီးအကျယ် ကျွေးမွေး လှူဒါန်းပုံကို အစွဲပြု၍ “ထမင်းရည် ချောင်းစီ အလှူကြီးပေးနေတယ်” “ထမင်းရည် ချောင်းစီး ကျွေးမွေးနေတယ်” ဟု သုံးလေ့ ရှိပါသည်။ မိမိကို စားဝတ်နေရေး ပြေလည်အောင် အလုပ် အကိုင်ပေးသူ ကျေးဇူးရှင်ကို “ထမင်းရှင်” ဟု တင်စားခြင်းမှာလည်း ထိုသဘောပင် ဖြစ်သည်။ “ကျွန်မတို့ မိသားစုကို ဒီအပ်ချုပ်စက် ကလေးက ထမင်း ကျွေးနေတာ” ဟု သုံးပုံမျိုးလည်း ရှိပါသည်။ စားဝတ်နေရေး ပျက်စီးအောင် လုပ်သည်ကို “ထမင်းအိုး ခွဲသည်” ဟု သုံးလေ့ရှိသည်။ “အလုပ်သမားတွေမှာ အပြစ် ရှိပေမယ့် သူတို့ ထမင်းအိုးကို မခွဲချင်ပါဘူး” ဟု သုံးပုံမျိုး ဖြစ်သည်။ ကိစ္စ တစ်ခုခုကို ရင်မဆိုင်ဘဲ ရှောင်လွှဲလျှင် “ထမင်းရည်ပူလာ လျှာလွှဲ” ခဏမျှကြာ သော အချိန်ကို “ထမင်းအိုး တစ်လုံးချက်” ဟု တင်စားခြင်းတို့မှာလည်း ထမင်းကို အခြေပြုပါသည်။

ထမင်းဟင်းများကို လောလောလတ်လတ် ချက်ပြုတ်ပြီးစတွင် ပူပူနွေးနွေး ရှိသကဲ့သို့ လတ်တလော ဖြစ်ပျက်သည့် ဖြစ်ရပ်ကို “သူအလုပ်ရ တာ ပူပူနွေးနွေးပဲ ရှိသေးတယ်”။ ဒီကိစ္စကို ပူပူ နွေးနွေး အကောင်အထည် ဖော်မှပဲ” စသည်ဖြင့် သုံးလေ့ရှိပါသည်။ ပြုတ်၍ မနူးသော အစားအစာ၊ မနူးမနပ် အစားအစာကို အစွဲပြု၍ အတွေ့အကြုံ နည်းသေးသူ၊ မလည်မ၀ယ် ရှိသူကို “ဒီကောင်လေးက ပြုတ်မနူးလေးပါ”၊ “ဒီမိန်းကလေးတွေက မနူးမနပ်မို့ အညာခံရတာ” စသည်ဖြင့် တင် စားသုံးလေ့ ရှိပါသည်။

မှိုတွေ၊ မျှစ်တွေကို ချိုးဖဲ့ ခုတ်ယူသကဲ့သို့ မငဲ့မကွက် ချိုးဖဲ့သည့် အပြုအမူကို အစွဲပြု၍ သူတစ်ပါး နစ်နာအောင် ချိုးချိုးဖဲ့ဖဲ့ ပက်ပက်စက်စက် ပြောသည်ကို “မှိုချိုးမျှစ်ချိုး” ဟု တင်စား သုံးပါသည်။ “ဟိုမိန်းမကြီးက ကျွန်မကို မှိုချိုးမျှစ်ချိုး ပြောသွားလိုက်တာ” ဟူသော အသုံးမျိုးဖြစ်သည်။ မှိုတွေ အများကြီး ပေါက်နေပုံဖြင့် တင်စားပြီး “ဒီနေ့ ဂျာနယ်တွေ မှိုပေါက်နေတာပဲ” ဟု သုံးလေ့ ရှိ ပါသည်။ အလွန် ပေါများသည်ဟု ဆိုလိုခြင်း ဖြစ် သည်။ ပျော်နေသော မျက်နှာပေးကို “မှိုရတဲ့ မျက်နှာ” ဟု သုံးခြင်းမှာလည်း မှိုကို အစွဲပြုခြင်း ဖြစ်သည်။ အစားအသောက်ကို မြိန်ရေယှက်ရေ စားပုံနှင့် တင်စားကာ “ဒေါ်လေးက သူဘယ်လို ကြီးပွားလာတယ် ဆိုတဲ့ အကြောင်းကို မြိန်ရေရှက်ရေ ပြောပြလေ့ရှိတယ်” ဟု သုံးမျိုးသုံးစား ရှိပါသည်။

ထမင်းအိုးမှာ ထမင်း ချိုးကပ်ပြီး စွဲနေသလို အခိုင်အမာ စွဲနေသည့် အခြေအနေကို အစွဲပြု ပြီး “ဒီလူကြီးက အရက်ချိုးပဲ”၊ “အရက်ချိုးကပ် နေပြီ”၊ “သူကတော့ ဖဲချိုးကပ်နေတဲ့ ဖဲသမား ပဲ” စသည်ဖြင့် သုံးလေ့ ရှိပါသည်။ တောင်းရမ်း စားသောက်ရသူချင်း အစားအသောက် အတွက် စကားများ ရန်ဖြစ်ပြီး ခွက်စောင်းနှင့် ခုတ်ကြ သည့် အပြုအမူမျိုးကို အစွဲပြု၍ ဘ၀တူချင်း ရန်ဖြစ်သည်ကို “သူတို့ ခွက်စောင်း ခုတ်နေကြတယ်” စသည်ဖြင့် တင်စားသုံးပါသည်။ ငါးခုတ်သည့် စဉ်းတီတုံး (ငါးခုတ်တုံး)၏ အခြေအနေနှင့် တင် စားပြီး သူတစ်ပါးလုပ်သမျှ ငြိမ်ခံနေသူကို “ဒီလူ ကတော့ ငါးခုတ်တုံးပဲ၊ သိပ်အေးတာပဲ” စသည် ဖြင့် တင်စားလေ့ ရှိပါသည်။
စားသောက်ပြီး အတူတူ ဆေးကြောရသည့် ဆေးဖော်ကြောဖက်ချင်း ဆက်ဆံ ပြောဆိုသည့် သဘောကို အစွဲပြု၍ “သူ့ကို ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်ကြဘူး” ဟု သုံးလေ့ရှိသည်။ ပြောဆို ဆက်ဆံခြင်း မပြုသည့် သဘောဖြင့်သာ သုံးလေ့ ရှိပါသည်။ ဆန်စေ့၊ စပါးစေ့၊ ပဲစေ့ စသည်တို့ကို အမှုန် အမွှားများ စင်သွားအောင် ဆန်ခါဖြင့် တိုက်ချ လိုက်သော အခါ အစေ့ကောင်းများ တင်ကျန်ပုံဖြင့် တင်စားကာ လက်ရွေးစင် အကောင်းဆုံး ဟူသော အဓိပ္ပာယ်ဖြင့် သုံးပါသည်။ “ဒီဝတ္ထုတွေ က ရှေ့လမဂ္ဂဇင်း အတွက် ဆန်ခါတင် ရွေးထား တာတွေပါ” ဟူ၍ သုံးပုံမျိုး ဖြစ်သည်။

မီးဖိုတွင် ချက်ပြုတ်ရန် အိုးတင်စရာ အဖြစ် အုတ်ခဲ၊ ကျောက်ခဲစသည်တို့ကို သုံးခုဆိုင် လုပ် ထားသည့် အောက်ခံကို ဖိုခုံလောက် (ဖိုခနောက်) ဟု ခေါ်သည်။ ဤ ပုံစံမျိုးသုံးခုဆိုင် အနေအထား ကိုလည်း ဖိုခုံလောက်ဆိုင် (ဖိုခနောက်ဆိုင်) ဟု တင်စားသုံးပါသည်။ “မြေပုံပေါ်မှာကြည့်ရင် စခန်း သုံးခုဟာ ဖိုခုံလောက်ဆိုင် (ဖိုခနောက်ဆိုင်) ရှိနေတာကို တွေ့ရပါလိမ့်မယ်” ဟု သုံးပုံမျိုး ဖြစ်သည်။ အလှူအတန်းရှိသည့်အတွက် အိမ်မှာ ချက် ပြုတ်စရာမလိုဘဲ သွားစားရ၍ မီးဖိုမှာ မီးခိုးတိတ် နေသည့် အခြေအနေကို အစွဲပြုကာ “ဆွမ်းကျွေး ကို တစ်ရွာလုံး မီးခိုးတိတ်သွားကြတယ်” ဟူသော အသုံးမျိုး သုံးလေ့ရှိပါသည်။

ဟင်းအမျိုးမျိုးကို ရော၍ အရသာ လေးအောင် ကျိုထားသော ဟင်းကို ဟင်းလေးဟု ခေါ်ပါသည်။ ဘုန်းတော်ကြီး ကျောင်းများတွင် နံနက် ဆွမ်းစားပြီး ကျန်သောဟင်းများကို ဟင်းလေးကျို၍ ကျောင်း သားများ စားလေ့ရှိသည်။ ဟင်းလေးကျိုသော အိုးတွင် ဟင်းအမျိုးမျိုး ပါသည်ကို အစွဲပြု၍ ဗဟုသုတစုံလင်သူကို “ဟင်းလေးအိုး” ဟု တင်စားသုံးလေ့ ရှိပါသည်။ “ဗဟုသုတဟင်းလေး အိုး” “စာပေဟင်းလေးအိုး” စသည်ဖြင့်လည်း သုံးပါသည်။
အိုးနှင့် ဆန်တန်ရုံ ထည့်ရသကဲ့သို့ မယုတ်မလွန် လိုရင်းရောက်အောင် ပြောသောစကားကို “အိုးတန်ဆန်ခတ်စကား”၊ “အိုးတန်ဆန်ခတ်ပြောနည်း” ဟု ခေါ်ပါသည်။

မီးဖိုခန်းတွင် အိုးများ ခွက်များကို နင်းမိ သကဲ့သို့ ကသောင်းကနင်း ပရမ်းပတာ ဖြစ်သည့် သဘောကို အစွဲပြုလျက် “သူစကားပြောရင် အိုးနင်းခွက်နင်း ပြောတတ်တယ်”၊ “သူလုပ် လိုက်ရင် အိုးနင်းခွက်နင်းပဲ” ဟု တင်စား သုံးပါသည်။ “ကသောင်းကနင်း၊ ပရမ်းပတာ၊ အစီအစဉ် မကျ” ဟူသော အဓိပ္ပာယ်များဖြင့် သုံးခြင်း ဖြစ်သည်။ အိုးတွင်ကပ်နေသောအိုးမဲဖြင့် သုတ် သကဲ့သို့ ညစ်နွမ်းအောင် ပြုသည့် သဘောကို အခြေပြုလျက် မိဘဆွေမျိုးများကို မထောက် ထားဘဲ ဂုဏ်သိမ်ငယ်အောင် အရှက်ရအောင် ပြုမူလျှင် “မိဘဆွေမျိုးတွေရဲ့ မျက်နှာကို အိုးမဲ သုတ်သွားပြီ” “မိဘမျက်နှာ အိုးမဲ မသုတ်ပါနဲ့” စသည်ဖြင့် သုံးပါသည်။ စားမှုသောက်မှု ဆိုင်ရာ အသုံးအဆောင်များကို အခြေပြု၍ တင်စားသုံးသော ဤဥပစာ စကားများသည် နေ့စဉ်သုံး ဘာသာစကား နယ်ပယ် တွင် အသားကျနေပါပြီ။

မောင်ခင်မင်(ဓနုဖြူ)
(ပေဖူးလွှာ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

No comments:

Post a Comment

ရေးချင်တာသာ ရေးဗျာ။