အစာ အချို့
ကမ္ဘာဦးလူ၏အစာသည် အလေ့ကျပေါက်နေသော အပင်များမှ သစ်သီးများနှင့် သစ်မြစ်များ ဥအမျိုးမျိုးနှင့် ပျားရည်တို့သာဖြစ်၍ အမည်မများလှသေးပေး။ ကမ္ဘာဦးလူသည် စမ်း၍ စားကြည့်ရင်းမည်သည့်အစာသည် စားကောင်းသည် မည်သည့်အစာသည် မစားကောင်းဟု တဖြည်းဖြည်းသိလာခဲ့၏။
ထို့နောက် လူသည် အမဲလိုက်တတ်လာသည်။ ထိုအခါ လူ့အစာစာရင်း၌ အသား၊ ငါးနှင့် ကြက်ငှက်များ ပါဝင်လာသည်။ ဘီစီ ၅၀၀ ခန့််တွင် လူတို့သည် လူး ဆပ် နှံစားပြောင်းနှင့် ဘာလီ barley ခေါ် မုယောစပါး စသောကောက်နှံများကို စ၍ စိုက်ပျိုးတတ်လာကြသည်။ အိမ်မွေးတိရစ္ဆာန်တို့ကိုလည်း စတင်မွေးမြူလာကြ၏။ဒိန်ခဲကို ဘီစီ ၃၀၀၀ ခန့်နှင့် နို့၊ ဘီယာနှင့် ၀ိုင်တို့ကို ဘီစီ ၂၀၀၀ ခန့်ကတည်းက ပြုလုပ်စားသောက်တတ်နေပြီဟု ယူဆရ၏။ ထိုမှ စ၍ လူ့အစာသည် တဖြည်းဖြည်း အမျိုးအမည် စုံလင်ကြွယ်ဝလာသည်။
ယဉ်ကျေးမူ့များ ထွန်းကားလာ၍ အစာရေစာလည်း ပေါ်များလာသောအခါ မိမိတို့နှစ်သက်ရာကို ရွေးချယ်စားကြသော အစားဓလေ့များလည်း မျိုးနွယ်အုပ်စုအလိုက် ပေါ်ပေါက်လာခဲ့သည်။စိုက်ပျိုးရေး မွေးမြူရေးများ စတင်လုပ်လာသည်မှစ၍ လူသည် မိမိအတွက် အန္တရာယ်ကင်း၍ မိမိကိုယ်တိုင်ကလည်း စားလိုသော အစာများကို ရွေးချယ်စားတတ်လာသည်။ ကမ္ဘာပေါ်တွင် အပင်အမျိုးပေါင်း သုံးသန်းခွဲ့ခန့်ရှိသော်လည်း လူတို့စိုက်ပျိုး၍ စားသောအပင်မျိုးမှာ ၁၀၀ ခန့်သာရှိ၏။ ထိုနည်းတူ တိရစ္ဆာန်အမျိုးပေါင်း နှစ်သိန်းခန့်ရှိသည့်အနက် လူတို့မွေးမြူသော တိရစ္ဆာန်များမှာ အမျိုးပေါင်း ၅၀ ခန့်သာ ရှိသည်။
အစားဓလေ့သည် ကမ္ဘာ့တိုက်ကြီးများအလိုက် ၊ နိုင်ငံနှင့်လူမျိုးအလိုက် ကွဲပြားသွားရာမှ ခရီးသွားလာမူ့များ ပေါ်ပေါက်လာသောအခါ တိုက်တစ်ခုမှ တစ်ခုသို့၊ နိုင်ငံတစ်ခုမှ နိုင်ငံတစ်ခုသို့ ပျံ့နှံ့ဝင်ရောက်လာမူ့များလည်း ရှိခဲ့သည်။ ၁၃ ရာစုနှစ်အတွင်း ကမ္ဘာရေကြောင်းခရီးသည်ကြီး မာကိုပိုလို Marco Polo သည် အရှေ့ဖျားမှ အစာများနှင့် ဟင်းခက် အမွှေးအကြိုင်များကို ဥရောပသို့ သယ်ဆောင်လာခဲ့သည်။ ကိုလံဘက် Columbus နှင့် အခြားနယ်သစ်ရှာဖွေသူ စပိန်လူမျိုးများသည်လည်း အားလူး မြေပဲနှင့် အခြားပဲအမျိုးမျိုး၊ သီဟိုသရက်သီး စသောအစာများကို စပိန်နိုင်ငံသို့ ယူဆောင်လာခဲ့ကြသည်။
နောက်ပိုင်းခေတ်တွင် အစာကို ပြုပြင်စီရင်သည့်နည်းလမ်းများ တိုးတတ်လာသည့်အလျောက် အစားအမျိုးအမည်များ မရေမတွက်အောင် တိုးပွားလာသည်။ စစ်ပွဲကြီးများအတွင်း စည်သွတ်ခြင်းစသော ကြာရှည်ခံအောင် ပြုလုပ်သည့်နည်းသစ်များ ပေါ်ပေါက်လာခဲ့သည်။ မြို့ပြ လူမူ့အဖွဲ့အစည်း ထွန်းကားလာသောအခါ အစားဓလေ့များ ပြောင်းလဲလာကြပြန်သည်။ မြို့ပြတွင်နေသူများသည် အိမ်ရှိလူကုန် အလုပ်လုပ်ကြရသဖြင့် အစာကို အေးအေးဆေးဆေး ချက်ပြုက်ချိန်မရ။ သားငါးကို အိမ်မှာ ကိုင်ချိန်မရ။ထို့ကြောင့် အသားငါးရောင်းချသူတို့က တုံးပြီးတစ်ပြီး ၊ အသားလွှာပြီး၊ ကြိတ်ပြီးသားများကို ရောင်းချပေးလာကြသည်။ အရသာပါ တစ်ခါတည်း ထည့်ပြင်ထား၍ အိမ်ရောက်လျှင် ဆီဖြင့် ကြော်ရုံသာလိုတော့သည့် အဆင်ပြေအစာ Convenience Food များလည်း ပေါ်လာသည်။ ၎င်းအဆင်ပြေအစာများ ပေါ်သည်မှစ၍ တစ်စထက်တစ်စ လူကြိုက်များလာခဲ့သည်။ ဥပမာ အာလူးဆိုပါက ၁၉၇၀ ပြည့်နှစ် ကမ္ဘာ့အားလူးဈေးကွက်တွင် အားလူးသီးအစိမ်းအတိုင်း ရောင်းချမူ့က နည်းပြီး အသင့်စားနိုင်အောင် စီမံထားသော အားလူးရောင်းချမူ့က ပိုခဲ့သည်။ ဆိုင်တွင် မှာစားရာ ၌ပင် ကြာရှည်မစောင့်နိုင်၊ အချိန်မပေးနိုင်သူများအတွက်လည်း ဟမ်ဘာဂါ Hambarger စသော အမြန်ရအစာ Fast Food များပေါ်ပေါက်လာသည်။ ရေနွေးဖြောရုံဖြင့် စား၍ရသော ချက်ချင်းရအစာ Instant Food များကား လူ့အစာသမိုင်းတွင် မှတ်တိုင်တစ်ရပ်ပင်ဖြစ်သည်။ လူသည် ကမ္ဘာဦးအချိန်က အစာအတွက် တစ်နေ့တာအချိန်၏ နာရီပေါင်းများစွာကို အသုံးချခဲ့ရသော်လည်း ယခုအခါ အစာသည် မိမိရှေ့မှောက်သို့ မိနစ်ပိုင်းနှင့် ရောက်နိုင်သည့်ခေတ် ဖြစ်လာသည်။
ဆက်ရန်
( ဆရာ အာကာ ပထမဆုံးအခေါက် ကျနော့ ဆီ လာလည်ခြင်းပါ။ အမှတ်တရနေ့အဖြစ် မှတ်တမ်းတင်အပ်ပါသည်။ )
Ref > အစာ အဟာရ သိပ္ပံ ( ဦးတိုင်းအုပ် )
No comments:
Post a Comment
ရေးချင်တာသာ ရေးဗျာ။