အစားအသောက်နှင့်
ယဉ်ကျေးမူ့ဓလေ့ထုံးစံတို့သည် ခွဲခြားမရ အောင် ဆက်စပ်နေ၏။ နိုင်ငံဒေသကွဲပြားသည့် အလျောက်
လူတို့၏အစားဓလေ့များလည်း ခြားနားကြ၏။ ယခု ၂၀ ရာစု ခေတ်နှောင်းပိုင်းတွင် တစ်နိုင်ငံမှ
တစ်နိုင်ငံသို့ ဂျက်လေယာဉ်ပျံဖြင့် နာရီအနည်းငယ်အတွင်း ကူးသန်းသွားလာနိုင်လာသော်လည်း
အစားဓလေ့များမူ ကွဲပြားခြားနားဆဲပင်ဖြစ်သည်။ လူသည် ငယ်စဉ်ကတည်းက တောက်လျှောက်စားလာခဲ့သည့်
မိမိလူမျိုး၏ အစားဓလေ့ကို လွယ်လွယ်နှင့် မစွန့်နိုင်ပေ။
ကမ္ဘာဦးလူများသည်။
အစာကို ဆာ၍စားဖြင်းဖြစ်သော်လည်း ယဉ်ကျေးမူထွန်းကားလာသည်နှင့်အမျှ အစာ၏ အခန်းဏ္ဍသည် အရေးပါလာခဲ့သည်။
အစာရေစာ ပေါများလာသည်နှင့်အမျှ လူသည် အစာကို ရွေးချယ်၍စားတတ်လာခဲ့သည်။ အရသာ ကောင်း
မကောင်းသာမက အနံ့အားဖြင့် ၊ အရောင်အားဖြင့် အမြင်အားဖြင့်ပါ ရွေးချယ်လာခဲ့သည်။ရွေးချယ်မူရှိလာသည်နှင့်အမျှ
ကောင်းသည်ထက် ကောင်းအောင် ပြုပြင်လာခဲ့သည်။ အစားအသောက်ကို ဖြစ်ကတတ်ဆန်းမစားဘဲ တင့်တယ်လှပအောင်
ပြုပြင်၍စားတတ်လာခဲ့သည်။ ဟင်းလျာတစ်ခုကို ပန်းကန်တွင် ထည့်ရာ၌ပင် မျက်စိပသာဒဖြစ်အောင်
အဆန်းတကြယ်ဖြစ်အောင် ဆွဲဆောင်မူ့ရှိအောင် ပြင်ဆင်လာသည်။ အရသာရှိသည် မရှိသည် အပထား လှပအောင်
ပြင်ဆင်ရာ၌ ဂျပန်စားအစာများသည် နာမည်ကျော်ကြားထင်ရှားသည်။ ဂျပန်တို့သည် အသက်ရှည်ရာရှည်ကြောင်း
အစဉ်နုပျိုနုပျိုကြောင်း အထိမ်းအမှတ်အဖြစ် ၀ါရွက်ကလေးများ ထင်းရူးခက်ကလေးများကို ထမင်းဟင်းလျားများနှင့်အတူ
ပြင်ဆင်ပေးတတ်သည်။ တစ်ဘက်တွင်လည်း လူတို့သည် အစားအသောက်ထည့်သော ပန်းကန်ခွက်ယောက်၊ ဇွန်း၊
ခက်ရင်းတို့ကို ထူးထူးထွေထွေပြုလုပ်လာခဲ့ကြသည်။ပန်းအမျိုးမျိုးရေးထားသော ကြွေထည်များသာမက
တန်းဖိုးကြီးလှသော ငွေထည်များ၊ ဆင်စွယ်ထည်များ၊ ကျောက်စိမ်းထည်များအထိ ခမ်းခမ်းနားနား
ပြုလုပ်သုံးဆောင်လာခဲ့ကြသည်။ ပန်းကန်ခွက်ယောက်များကို ဧည့်ခန်းဆောင်တွင် အလှပြထားသည်အထိပင်
အစာယဉ်ကျေးမူသည် ကြွယ်လာခဲ့သည်။
အစာသည် လူမူရေးနှင့်လည်း
များစွာသက်ဆိုင်နေ၏။အစာသည် မိမိ၏ ၀မ်းဟာမူကို ဖြည့်တင်းရေးကိစ္စဖြစ်၍ မိမိတစ်ကိုယ်တည်းနှင့်သာ
သက်ဆိုင်သော်လည်း လူသည် အစုအဝေးနှင့် နေတတ်သူပီပီ အစာစားရာ၌လည်း အစုအဝေးနှင့် စားလေ့ရှိကြသည်။
မိသားစုထမင်းဝိုင်းသည် အစာစားရာဌာနသက်သက်သာမက မိသာစုချင်းတွေ့ဆုံရာ ချစ်ခင်မူကိုပြသရာ
တိုင်ပင်နှီနှောရာ ဌာနတစ်ခုလည်းဖြစ်သည်။ ခင်မင်မူကို ပြသသောအားဖြင့် ညစာဖိတ်ကျွေးခြင်း၊
ဂုဏ်ပြုသည့်အနေဖြင့် ဧည့်ခံပွဲကျင်ပခြင်း စသည်တို့သည် အစာကို လူမူ့ရေး၌ အသုံးချခြင်းများပင်ဖြစ်၏
ယဉ်ကျေးမူများ ထွေပြားဆန်းကြယ်လာသော ခေတ်မီနိုင်ငံကြီးများ၌ အစားအသောက်စားခြင်းသည်
ဂုဏ်အဆင့်အတန်းကိုပြသရာရောက်သော ယဉ်ကျေးမူ့တစ်ရပ်ဖြစ်၏။ ချမ်းသာကြွယ်ဝသူများသည် နေ့စဉ်
မိမိစားမည့် အစာကိုရွေးချယ်ရုံသာမက မည်သူနှင့်အတူစားမည်သို့မဟုတ် “စားဖော်” ကိုပါ ရွေးချယ်ကြသည်ဟု
ဆိုသည်။
သိပံ္ပပညာ
ထွန်းကားလာသော်လည်း အစားအသောက်နှင့်ပက်သက်သော ဘာသာရေးဆိုင်ရာကန့်သက်ချက်များနှင့် ရိုးရာအစွဲအလမ်းများသည်
လူမျိုးတိုင်းလိုလို၌ပင် ရှိနေဆြဲဖစ်သည်။ နောင်တွင်လည်း ဆက်လက်ရှိနေဦးမည်သာဖြစ်၏။
မစားကောင်းသော အစာများ၊ အချိန်အခါလိုက်၍ မစားသင့်သောအစာများ လုံးဝမစားရဟု ရှောင်ရသောအစာများ
တစ်ဘက်ကရှိသကဲ့သို့ အသက်ရှည်သည် နုပျိုသည် ကာမဂုဏ်ခံစားမူကို အားပေးးသည် စသော အယူအဆအမျိုးမျိုးဖြင့်
စားကြသော အစာအမျိုးမျိုးလည်း တစ်ဘက်ကရှိသည်။
အစာသည် နိုင်ငံရေးနှင့်လည်း
သက်ဆိုင်သည် ဆိုလျှင် အချို့က လွန်သည်ဟု ထင်ကြပေလိမ့်မည်။ စင်စစ် ၀မ်းရေးသည် နိုင်ငံရေးပင်ဖြစ်၏။
နိုင်ငံသားအားလုံးပြည့်ဝစွာ စားသုံးနိုင်ရေးသည် နိုင်ငံအစိုးရ တိုင်း၏ တာဝန်တစ်ရပ်ပင်ဖြစ်သည်။
အစာထုတ်လုပ်မူနှင့်
ရောင်းဝယ်ဖောက်ကားမူတို့၌လည်း နိုင်ငံအစိုးရများ ၀င်၍ပါကြရ၏။ အစာနှင့်ပက်သက်၍ မသမာပြုလုပ်မူများ
၊ အစာတုလုပ်မူများ ကျန်းမာရေးနှင့်မညီညွတ်သော အစာကို ထုတ်လုပ်ရောင်းချမူများကို ဥပဒေများပြဌာန်း၍
တားမြစ်ကြရသည်။ အရေးယူကြရသည်။ အစားအသောက်ဆိုင်ရာ စံချိန်စံညွှန်းများ ဓါတ်ခွဲစမ်းသပ်နည်းများကိုလည်း
တပြေးညီဖြစ်စေရန် သတ်မှတ်ကြရသည်။ နိုင်ငံတကာအစာရောင်းဝယ်မူတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံဥပဒေချင်း
မတူညီသည်ကို မသိဘဲ တင်ပို့မိပါက ရောင်းချခွင့်မရသဖြင့် ဆုံးရူံးနစ်နာကြရသည်။
အစာကို စစ်
ရေး၌ပါ အသုံးချလာနိုင်သည်ဟု အချို့က ခန့််မှန်းကြသည်။ နိုင်ငံကြီးအချို့သည် မိမိနှင့်မသင့်တင့်သော
နိုင်ငံများကို စားနပ်ရိက္ခာရောင်းချခြင်းကို ပိတ်ပင်သည့် သာဓကများရှိခဲ့ဖူးသည်။ စင်စစ်
နိုင်ငံတစ်နိုင်ငံကိုဝိုင်းဝန်း ပိတ်ဆို့၍ အစာရေစာ ငတ်မွတ်အောင်လုပ်ပြီးမှ အနိုင်တိုက်ယူခြင်း
ရှေးဘုရင်များ ကျင့်သုံးခဲ့သော စစ်ဗျူဟာတစ်ရပ်ဖြစ်ရာ ယခုခေတ်တွင်လည်း ဤပရိယာယ်မျိုးကို
နိုင်ငံကြီးများက မကျင့်သုံးဟု မဆိုနိုင်ပေ။
အစာ အာဟာရ သိပ္ပံ စာအုပ်မှ ကောက်နူတ်ထားခြင်းဖြစ်သည်။ ပုံများကို လည်း ဂူးဂယ်လင်း လုပ်ထားခြင်းဖြစ်သည်။ ပျင်းသောကြောင်နေရာ မညွန်းတော့ပါ။ ကြိုက်သလို တရားယူနိုင်ပါသည်။း)
No comments:
Post a Comment
ရေးချင်တာသာ ရေးဗျာ။