Thursday, November 25, 2010
cold cuts များ
 bresaola
 coppa
 speck
spicy salami
beef salami
chicken motadella 
parma ham
အထက်ပါပုံများ က တော့ google လုပ်ထားတာတွေပါ။  
Specchio di Affettati Misti
Selection of cured cold cuts - bresaola, coppa , speck , parma ham and spicy salami.
affettati အဖက်တတီ ဆိုတာ အီတလီ စကားဖြစ်ပြီး  cold cut လို့ အဓိပ္ပါယ်ရပါတယ်။ misti ကတော့ mix ပေါ့။ cold cut တွေကို ရောထားတာပေါ့။ ကြိုက်တဲ့ cold cut ကိုသာ ရော။ သူ့ကို starter အနေနဲ့ ပေးကြပါတယ်။ နောက် anti pasta
bresaola ဘရက်ဆိုလာ လို့အသံထွက်ပြီး ( air dry salted beef ) အမဲသား ကိုလုပ်ထားတာဖြစ်ပါတယ်။ coppa or capocollo , speck , parma ham and salami တိုကိုတော့ ၀တ်သားကနေပြုလုပ်ထားတာဖြစ်ပါတယ်။ coppa ဆိုတာ ဂုတ်သား လို့ အဓိပါယ်ရပါတယ်။ pork salami အပြင် beef salami လည်းရှိပါတယ်။ နောက် chicken motadella ဆိုတာလည်း ရှိသေးတယ်။motadella မိုတာတဲလား တို့ salami ဆလာမီ တို့ဆိုတာ  sausage အကြီးစားလို့ အဓိပ္ပါယ်ရပါတယ်။
Wednesday, November 17, 2010
farfalle pasta
farfalle pasta with cherry tomato sauce
ဖာဖယ်လီ ပါစတာပါ။ ဘိုး ပါစကာ bow-tie pasta or butterfly pasta လို့လဲခေါ်ကြသေးရဲ့။ ပုံစံလေးတွေတူတာကိုး။
Monday, November 15, 2010
Thursday, November 11, 2010
အသက်ရှည်ရန် အာဟာရဖြင့် ပြုပြင်နည်း
အစာအာဟာရသည် သတ္တ၀ါများ ကျန်းမာ သက်ရှည်ရေးတွင် ဥတုထက်ပင် အရေးကြီး၏။ ကျန်းမာမှု မကျန်းမာမှု အသက်ရှည်မှု တိုမှုတို့တွင် ဥတုဆောင်ရွက်မှုနယ်ထက် အစာအာဟာရ ဆောင်ရွက်သည့်နယ်က ပို၍ကျယ်ဝန်း၏။ ထို့ကြောင့် အစာအာဟာရဖြင့် ပြုပြင်နည်းကို ဘုရားဟောအတိုင်း ရှေးဦးစွာ ပြဆိုပါမည်။
လူသားတို့အတွက် မမွေးဖွားမီ ပဋိသန္ဓေတည်နေချိန်မှစ၍ အာဟာရသည် လူသားတို့ကို စောင့်ရှောက်ခဲ့၏။ မည်သည့်သတ္တ၀ါမျှ အစာအာဟာရနှင့် ကင်း၍ အသက်မရှည်နိုင်သောကြောင့် သတ္တ၀ါတိုင်း နေ့ရှိသရွေ့ အစာအာဟာရများကို စားသောက်နေကြရသည်။ ထို့ကြောင့် သတ္တ၀ါတည်ရာ အာဟာရသာ-( သဗ္ဗေသတ္တာ အာဟာရာဋ္ဌိတိကာ ) ဟု ဘုရားရှင် ဟောတော်မူခဲ့ခြင်းဖြစ်သည်။
သို့သော် အစာအာဟာရတိုင်း စားသုံးသူများအား ကောင်းကျိုးမပြုနိုင်ချေ။ စားသုံးသူများအဖို့ ဆေး-ဖြစ်သည့် အစာအာဟာရများ ရှိသကဲ့သို့ ဘေး-ဖြစ်သည့် အစာအာဟာရများလည်း ရှိပေသည်။ ၀မ်းတလုံးကောင်း ခေါင်းမခဲ၊ အစားမတော် တလုပ်၊ ဟူသော လမ်းညွှန်သတိပေးချက်များသည် အစာအာဟာရ၏ ဘေးဖြစ်နိုင်ပုံတို့ကို ဖော်ညွှန်းထားသည့်ကျန်းမာရေးနီတိများ ဖြစ်သည်။
သို့ဖြစ်၍ အစာအာဟာရများကို မှီဝဲသုံးဆောင်ရာတွင် အစာလည်း ဆေး၊ ဆေးလည်း အစာ-ဟူသော လမ်းညွှန်ချက်ကို သတိပြု၍ မိမိတို့အတွက် ဆေးဖြစ်မည့် အစားအစာများကို ဉာဏ်ဖြင့် ရွေးချယ်မှီဝဲရန်နှင့် မှီဝဲနည်းမှန်ကန်ရန် အလွန်အရေးကြီးပေသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် အနာယုသာသုတ်များ၌ အသက်ရှည်ကြောင်း ၇-ပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူရာတွင် အစာအာဟာရ မှီဝဲသုံးဆောင်နည်းများနှင့် ပတ်သက်၍ အချက် ၄-ချက်အထိ နေရာပေးညွှန်ကြားခဲ့ပေသည်။ ထိုအစာအာဟာရ သုံးဆောင်မှီဝဲနည်းများမှာ-
၁။ အချိန်မှန်မှန် စားရခြင်း ( ကာလစာရီ )
၂။ မိမိနှင့် သင့်လျော်ရာကိုသာ စားရခြင်း ( သပ္ပါယကာရီ )
၃။ သင့်လျော်စေကာမူ ကြေကျက်လွယ်သည်ကိုသာ စားရခြင်း ( ပရိဏတ ဘောဇီ )
၎။ သင့်လျော်ကြေကျက်စေကာမူ အတိုင်းအတာနှင့် စားရခြင်း ( သပ္ပါယေ မတ္တံ ဇာနာတိ )
တို့ဖြစ်ပေသည်။ ဤလမ်းညွှန်ချက်များသည် မည်သည့်ခေတ်များမှ မရိုးနိုင်ဘဲ လူတိုင်း ကျန်းမာသက်ရှည်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သော လမ်းညွှန်ချက်များဖြစ်သည်။
အစာအာဟာရများကို အချိန်မှန်မှန် စားသောအခါ စားချိန်ကျရောက်လျှင် အလိုလို ဆာလောင်လာတတ်ပေသည်။ ထိုဆာလောင်လာသည့် အချိန်ကား အမှန် အစာအာဟရ စားသင့်သည့် အချိန်ဖြစ်ပါသည်။ ဆာလောင်ခြင်းဆိုသည်မှာ အစာသစ်အိမ်တွင် ပါစက၀မ်းမီး တောက်လောင်စရာ အစာမရှိတော့သဖြင့်၊ ၀မ်းမီးက အစာသစ်အိမ်ကို လောင်ကျွမ်းနေသဖြင့် အစာသစ်အိမ်က -ငါ့မှာ ၀မ်းမီး အလောင်ခံနေရသည်။ ငါ့ထံသို့ အစာများ ပို့ပေးပါ-ဟု ပူဆာနေသကဲ့သို့ ဖြစ်နေခြင်းမျိုး ဖြစ်ပါသည်။
ထိုအချိန်တွင် အစာမစားပါက ၀မ်းမီးကြောင့် အပူနှင့်လေတို့ ထလာပြီး ရင်ဝတွင် လေခံလာရကား အစာမစားချင် ဖြစ်လာတတ်၏။ ကြာလျှင် အစာအိမ် အချဉ်ပေါက်သည့် ရောဂါ၊ လေပူရောဂါများလည်း ဖြစ်ပွားလာတတ်၏။ ထို့အတူ အစာအိမ်က လောင်စာမတောင်းသေးချိန်တွင် (၀ါ) မဆာသေးသည့်အချိန်တွင် စားပြန်လျှင်လည်း အစာမကြေရောဂါ၊ ပျို့အန်သော ရောဂါများ ဖြစ်လာတတ်သည်။ ထို့ကြောင့် သဘာဝကပေးထားသည့် အစာ စားသောက်ချိန်တွင် အစာမှန်မှန် စားခြင်းဖြင့် ကျန်းမာအောင် ပြုပြင်ကြရမည်။
ဒုတိယအချက်မှာ-ဆာလောင်ချိန်၌ အချိန်မှန် အစာစားရမည်ဆိုသော်လည်း တွေ့သမျှ အစာ အာဟာရတို့ကို မစားရ။ မိမိကျန်းမာရေးနှင့် လျော်ကန် သင့်မြတ်သည့် အစားအစာများကိုသာ ရွေးချယ်စားကြရခြင်းဖြစ်သည်။ ဥပမာ-အအေးစာ၊ အပူစာ နှစ်မျိုးတွင် မိမိခန္ဓာကိုယ်က အပူစာနှင့်မှ သင့်မည်ဆိုက အအေးစာများကိုရှောင်၍ အပူစာကို ရာသီဥတုအလိုက် ဉာဏ်ဖြင့် ရွေးချယ်စားရ၏။ ထို့အတူ တက်စာ၊ သက်စာ၊ ပွင့်စာ၊ ပိတ်စာ၊ ဖျက်စာ၊ ဖြည့်စာတို့၌လည်း မိမိနှင့် သင့်လျော်ရာအစာများကို ဉာဏ်ဖြင့်ချင့်ချိန်၍ ရွေးချယ်စားတတ်ရမည်။
ထို့ကြောင့် မလတ်ဆတ်ခြင်း၊ မသန့်ရှင်းခြင်း၊ ပိုးရှိခြင်း၊ ပုပ်သိုးခြင်း၊ မှည့်လွန်း စိမ်းလွန်းခြင်း၊ အလွန်ကျက်ခြင်း၊ မနူးမနပ်ခြင်း စသည့် အင်္ဂါလက္ခဏာများ ရှိသော အစားအစာများမှာလည်း မသင့်လျော်သောအစာများဖြစ်ရာ ထိုအစားအစာမျိုးကို လုံးဝရှောင်ရှားရမည်။
( ဓမ္မာစရိယ ဦးအေးနိုင် ) ( ဘီအေ)
from http://mawluu.blogspot.com/2009/08/blog-post_1447.html
Monday, November 8, 2010
မြိန်ရာဟင်းကောင်း
        မိန်းမမာယာ သဲကိုးဖြာထဲမှာ ဒီကနေ့တော့ တစ်ခုဆောင်း အပေါင်းတစ် လုပ်ရကောင်းမလားမသိပါဘူး။ အင်တာနက်ပေါ်မှာ မဟုတ်သော်ရှိ ဟုတ်သော်ရှိ၊ စားကောင်းသောက်ဖွယ်တွေကို မျက်စိပသာဒ လှအောင်ပြင်ဆင် ခူးခပ် ဓါတ်ပုံရိုက်ပြီးတင်ကြတာကိုပေါ့။ များသောအားဖြင့် အပျိုကြီးမမတွေ လုပ်လေ့ရှိပြီး တနည်းတဖုံ ပရိုမိုးရှင်းဆင်းတယ်လို့ ပြောမိရင် မပြေးသော် ကန်ရာရှိပေမယ့် မျက်စောင်းချည့်ပဲ အကြိမ်တသိန်းထိုးသဟယ် လို့ ရန်တွေ့ခံရမှာ အသေအချာပါပဲ။ အချက်အပြုတ်နိုင်နင်းကြောင်း ၀င့်ကြွားလိုက်သလေ ဆိုပေမယ့် ခုနစ်ရက်သားသမီးအပေါင်း သွားရည်ကျလာစေလိုတဲ့ စေတနာကလည်း ရေစီးကမ်းပြိုလိုက်နေအောင်ကို ပါသေးတာ။ ချက်နည်းပြုတ်နည်းကလေးတွေ ဝေငှပြန်တော့ “ချစ် ရွှင် သနား တည် ကြား ကြမ်းကြုတ် စက်ဆုပ် အံ့သြ နောအရသာ ကျမ်းဂန်လာ” ဆိုတာမှာ ငါမေ့နေတာ ဗိုက်ဆာတဲ့ ရသ ဖြစ်လိမ့်မယ်။ ဒီစာဖတ်လိုက်ရတာ ဗိုက်ကိုဆာသွားတာပဲ ဆိုတဲ့ ရသစာပေတွေကို လေ့လာရတာပေါ့။ ဒါနဲ့ပဲ အားကျမခံ သူတို့လို ရသစာပေလေးများ ရေးဦးမလေ ဆိုပြီး မြိန်ရာဟင်းကောင်း လို့ ခေါင်းစဉ်တပ်လိုက်ရပါတယ်။ အနားမှာ ရေခွက်ကလေး၊ လက်သုပ်ပုဝါကလေးထားလို့ သာ ဖတ်ကြပါတော့။
        အစားအသောက်နဲ့ ပတ်သက်လာရင် အရင်တုန်းက ဦးကြီးပု ရဲ့ ချက်နည်းပြုတ်နည်းငါးရာ တို့၊ အဓိပတိချက်နည်းပြုတ်နည်း တို့၊ လောက်သာ ရှိခဲ့ပေမယ့် အခုတော့ အဲဒါတွေက အတော် အောက်သွားပါပြီ။ အင်တာနက်ပေါ်က မြန်မာစာမျက်နှာတွေပေါ်မှာတင် အိမ်ရှင်မလက်ရာ ကြိုက်သလား၊ အိမ်ရှင်ထီးလက်ရာ ကြိုက်သလား။ တကိုယ်တော် လက်စွမ်းပြတွေကြည့်မလား။ ဟင်းစပ်အမယ်တွေကို ပုံအင်္ဂါနဲ့ စုံလင်စွာ လေ့လာနိုင်ပါတယ်။ ရုပ်မြင် အစီအစဉ်တွေမှာလည်း စားကြမယ်ဟေ့ ကောင်းကောင်း လို မြန်မာအစီအစဉ်တွေတင်မဟုတ်ဘူး။ ကိုရီးယားလို ၊ ဂျပန်လို၊ တရုတ်လို၊ ကုလားလို၊ သြစတေးလျကစားဖိုမှူးကြီး အစီအစဉ်လို တကမ္ဘာလုံး စိတ်ကူးပေါက်ရာတွေ နေ့စဉ်နဲ့ အမျှ ချက်ပြုတ် တင်ဆက်နေပါတယ်။ အဲသလို ရသမြောက်တဲ့ အစီအစဉ်တွေထဲမှာ ဘာမှလည်း မတတ်ပဲနဲ့ ဘာများ ၀င် နှမ်းဖြူးဦးမလို့လဲ လို့ မေးရင် ဖတ်ဖူး မှတ်ဖူးတဲ့ စာတိုပေစကလေးတွေ၊ ရုပ်ရှင်ဇာတ်ကားကလေးတွေကို အတွေးစိတ်ကူးကလေးတွေနဲ့ နူးနပ်အောင် စီမံလို့ လျှာရင်းမမြက်သည့်တိုင် စိတ်အဆာပြေသွားအောင်လို့ ပါလေရာ ငပိချက် လုပ်ရပြန်ပါတယ်ဗျာ။
         စားဖိုအနုပညာနဲ့ ပတ်သက်လာရင် ကမ္ဘာပေါ်မှာ ပြင်သစ်လူမျိုးများဟာ သူတို့လောက် သိတဲ့ တတ်တဲ့ အနုပညာဆန်တဲ့သူ မရှိဘူးလို့ သူများလက်ခံခံ မခံခံ၊ သူတို့ဘာသူတို့ ယူဆထားကြပါတယ်။ တကယ်တော့ နေမင်းကြီးနဲ့ အတူ ကမ္ဘာ တပါတ်ပတ်လိုက်ဦး။ တရုတ်စားသောက်ဆိုင် မရှိတဲ့ နေရာဆိုတာ ဘယ်ရွာပါလိမ့်လို့မေးရမှာပါ။ သူတို့ အနောက်တိုင်းကလူတွေက မဆလာ ငရုပ်သီးတောင် ကိုယ်ပိုင်မရှိလို့ ပင်လယ်ရပ်ခြား စွန့်စွန့်စားစား လာဝယ်ရင်း နယ်ချဲ့ ကြရတာလေ။ အပြုတ် အဖုတ် အကင် အကြော် အပြင် ဘာများတတ်တာမှတ်လို့ ဆိုရင် ဟုတ်သယောင်တောင် ရှိပါတယ်။ ဒါပေမယ့် ကိုယ့်လျှာ ကိုယ့်ဓလေ့နဲ့ မကိုက်လို့သာပါ။ သူတို့ စရိုက် သူတို့ဘာသာနဲ့မှာလည်း အံ့သြစရာတွေအများကြီးတွေ့ရပါတယ်။ ဥပမာတစ်ခု ပြင်သစ်ဧည့်သည်လာလို့ ကျွန်တော်တို့က ဖွယ်ဖွယ်ရာရာ မက်ဒေါ်နယ်တို့လို ဆိုင်တွေလိုက်ကျွေးမယ်။ အိမ်မှာပဲ မနက်စာ ပေါင်မုန့်မီးကင်ကလေးကို စီးတီးမတ်က၀ယ်လာတဲ့ ချိစ်ကလေးနဲ့ ကျွေးမယ်ဆိုရင် သူတို့ကရင်းနှီးတဲ့သူဆိုရင် ပြုံးပါလိမ့်မယ်။ ကျွန်တော်တို့စားနေတဲ့ သွားအဖြီးသားနဲ့ နွားကြီးမစားတဲ့ ချိစ်တွေကို သူတို့က ချိစ်လို့ကို မသတ်မှတ်ပါဘူး။ ဒါဖြင့်ရင် သူတို့က ဘာတွေစားနေကြလို့လဲမေးရင် ဂုဏ်ယူစွာဖြေပါလိမ့်မယ်။ သူတို့ ပြင်သစ်တစ်နိုင်ငံတည်းကတင် တရားဝင် မှတ်ပုံတင်ထားတဲ့ ချိစ် အမျိုးအစားပေါင်း ၃၇၀ ကျော် ထုတ်လုပ်ပါတယ် တဲ့။ ကလေးတွေကို ကျွန်တော်တို့ မှတ်မိလွယ်အောင် ဆပ်ပြာမုန့်လို့ခေါ်တဲ့ ချိစ်က အဲသလောက်တောင် အရသာတွေကွာလို့လား မေးရင် သိပ်ကို ကွာပါတယ် ခင်ဗျာ။
         ကျွန်တော်တို့မြန်မာတွေ ၀က်အူချောင်းစားရင် ဒေါ်မြရင် နဲ့ ဒေါ်လှတင် တို့ အရသာမတူသလို၊ လှလေးစိန်ထိုးမုန့်နဲ့ တင်တင်အေးထိုးမုန့်နဲ့ အရသာ ကွာသလို၊ အရီးတောင်း လက်ဖက် နဲ့ ယုဇနလက်ဖက် မတူသလို သူတို့ဆီက ချိစ်တွေမှာလည်း အရသာ မတူကွဲပြားပါတယ်။ သူတို့အစွဲက ကျွန်တော်တို့ အစွဲထက်ကို ကြီးပါတယ်။ ဥပမာ မန္တလေးက မင်းသီဟဆိုင်ခွဲကို ရန်ကုန်မှာလာဖွင့်ရင် မုန့်တီအရသာ အစပ်အဟပ် လက်ရာအတူတူပဲဆိုပြီး မြန်မာတွေက အားပေးကြပါတယ်။ ဒါကြောင့်လည်း မြောင်းမြ ဒေါ်ချိုတွေ မှိုလိုပေါက်လာတာပေါ့။ သူတို့ဆီမှာ ဒါမျိုးလက်မခံပါဘူး။ အစားအသောက်တခု ကောင်းတယ်ဆိုတာ ရေမြေ ပတ်ဝန်းကျင် ရာသီဥတုပေါ်မှာလည်း အများကြီးတည်ပါတယ်တဲ့။ စကော့ဝီစကီကို ဒီဖော်မြူလာအတိုင်း ပြင်သစ်မှာ လာချက်ရုံနဲ့ စကော့ဝီစကီ မဖြစ်ပါဘူးတဲ့။ ဆိတ်နို့နဲ့ ချက်တဲ့ ချိစ်ဟာ ဒီဆိတ်နို့နဲ့ဆို ဘယ်မှာချက်ချက် အတူတူပဲလို့ မထင်ပါနဲ့တဲ့။ အဲဒီဆိတ်အမျိုးအစားချင်း တူဦးတော့ သူစားတဲ့ မြက်၊ သူသောက်တဲ့ရေ သဘာဝချင်းမတူနိုင်ပါဘူးတဲ့။ အစားအသောက်ဆိုတာ ဓါတုပစ္စည်းများလို အမယ် စုံလင် အချိုးကျရောစပ်ထားရုံနဲ့ အရသာ တထပ်တည်း မကျနိုင်ပါဘူးတဲ့။ ချီးထူချက်နော်။ ဒါနဲ့ သူတို့အိမ် အလည်လိုက်သွားရင်လေ အဟုတ်ဗျား။ ချိစ်တွေကို ရေခဲသေတ္တာထဲမှာတချို့၊ တောင်းတွေနဲ့ထည့်လို့တချို့ထားတာ၊ အရောင် ပုံစံ အနံ့ အရသာ တမျိုးစီ၊ ချက်တဲ့ ဟင်းကို လိုက်လို့ သုံးတဲ့ ချိစ် သပ်သပ်စီပါတဲ့။ တီဗီကလာတဲ့ဟာ ကြည့်တော့ ပိုတောင်ဆိုးသေး။ မတည်ခင်းခင် ၃ နာရီအလိုမှာ ကိုယ် ခင်းမယ့်ချိစ်ကို ရေခဲသေတ္တာထဲကထုတ်လို့ ပိတ်စိမ်းပါး ရေဆွတ်ပြီး အုပ်ထားပေးရပါသတဲ့။ ဒါမှ လိုချင်တဲ့ အပျော့အမာ အနေတော်ရမှာတဲ့။ ဂယ်ဘဲ ဂယ်ဘဲ။ စုံအောင်တော့ လိုက်မြည်းကြည့်လိုက်ပါတယ်။ ဗမာပါးစပ်နဲ့ ဆိုတော့ ဘယ်ဟာမှ မကြိုက်ပေါင်ဗျာ။ ပြင်သစ်တွေဟာ ချိစ်မှာတင်မဟုတ်ဘူး။ ၀ိုင်အရက်မှာလည်း ကမ္ဘာကျော်ပါတယ်။ နောက် သူတို့ အစားအသောက်မှာ နံမည်ကြီးဟင်းလျာတစ်ခုက အဆီပိတ်နေတဲ့ ဘဲငန်းအသည်းပါ။ ရန်ကုန်က အခေါက်ကင်ဆိုင်တချို့မှာရတဲ့ ၀က်အသည်းအထဲမှာ အဆီသွတ်ထားတာနဲ့ ခပ်ဆင်ဆင်ပါ။ ဘဲကို မသေခင် အဆီတွေပိတ်ပြီး အသည်းမှာ အဆီတွေဖုံးလာတဲ့အထိ ပါးစပ်က ကတော့တပ် အစာသွပ်ပြီး အဲဒီဘဲအသည်းနုနုကို ကျွမ်းကျင်စွာ စီမံ ချက်ပြုတ်ထားတာပါတဲ့။ ကာဗီးယားငါးဥ လိုပဲ အင်မတန်ဈေးကြီးတဲ့ ဟင်းလျာပါ။စားတော့ စားဖူးပါဘူး။ စာအုပ်တွေ ရုပ်ရှင်တွေထဲကနေ သွားရည်ကျရတာပေါ့။
          သူတို့က ဒီလို အစားကောင်း အသောက်ကောင်းတွေ စားတတ်ပါတယ်လို့သာ ဂုဏ်ယူတာမဟုတ်ပါဘူး။ သူတို့ နိုင်ငံက ကမ္ဘာကျော် စားဖိုမှူးကြီးတွေ ရှေးရှေး ပဝေသဏီတတည်းက ထွက်တယ် လို့လဲ ၀င့်ကြွားကြပါတယ်။ ဒီလိုပြောတဲ့ အခါမှာ သမိုင်းဝင်စားဖိုမှူးကြီးတယောက်ရဲ့ အကြောင်းဟာ အင်မတန်ကို အံ့သြစရာကောင်းပါတယ်။ သူ့နံမည်က ဖရွန်းဆွား ဗာတဲ တဲ့။ ဗီကွန့် နယ်စားကြီးရဲ့ ရဲတိုက်က စားဖိုမှူးကြီးဖြစ်ပါတယ်။ စီးပွားရေးကျဆင်းလာတဲ့ သူ့သခင် နယ်စားကြီးဟာ ဘုရင်မင်းမြတ် လူဝီ၁၄ ဆီက မျက်နှာသာအခွင့်အရေးလေးများ မျှော်ကိုးလို့ သူ့ရဲတိုက်ကို အလည်လာပါစေကြောင်း ဖိတ်မန္တက ပြုလိုက်ပါတယ်။ ပြင်သစ်ရှင်ဘုရင်တွေထဲမှာ လူဝီ၁၄က ဘုန်းမီးနေလ အလွန်တောက်ပတာဗျ။ ဗာဆိုင်းနန်းတော်ကြီးတစ်ခုလုံး ဒီကနေ့မြင်ရတဲ့ အခြေအနေမျိုးရောက်အောင် စီမံထားတာ သူ့လက်ထက်က စတာပေါ့။ သက်ရှိလူသားများပေါ်မဆိုထားနဲ့ သက်မဲ့သစ်ပင်ပန်းမန်များ အပေါ်တောင် သူ့သြဇာသက်ရောက်စေရမယ် ဆိုပြီး နန်းတော်ရဲ့ အဆင်တန်းဆာမှာ ဥယျာဉ်ပန်းမန်များနဲ့ အဆန်းတကြယ် စီရင်ထားခဲ့သူပါ။ သူတို့သမိုင်းမှာ နေနတ်နွယ် လို့တောင် ညွှန်းဖွဲ့ကြတာပေါ့။ ဆယ်ကျော်သက်နဲ့ နန်းတက်လာခဲ့တာမို့ တော်ရုံအဆောင်အယောင်လောက်နဲ့တော့ ဘယ်ခြောက်ခြားအောင် လုပ်လို့ရလိမ့်မတုန်း။ ဒီအခါမှာ နယ်စားကြီးရဲ့ ၀ှက်ဖဲကတော့ ဗာတဲဖြစ်ပါတယ်။ ဘုရင်မင်းမြတ်နဲ့ နှစ်ထောင်သော နောက်လိုက်နောက်ပါ အခြံအရံ ဧည့်သည်များအတွက် အံ့ဖွယ်သရဲ ထမင်းစားပွဲကြီးကို ဦးဆောင်တည်ခင်း ဧည့်ခံစေပါတယ်။ ဂျေးရပ်ဒေပါးဒယား နဲ့ ရိုက်တဲ့ ရုပ်ရှင်ထဲက အဲဒီထမင်းပွဲကြီးသာ တကယ်ကို အံဖွယ်သရဲပါပဲ။ ပထမနေ့မှာ ငှက်ကျေးသာရကာ ဟင်းလျာအမယ်များနဲ့ ဧည့်ခံပါသတဲ့။ အငွေ့တထောင်းထောင်းထနေတဲ့  ဘဲကောင်လုံးကင်ကြီးကို စားပွဲပေါ်ကနေ ဖဲ့ယူဖို့ ဓါးနဲ့လှီးလိုက်တဲ့အခါ ဘဲကင်ကြီးရဲ့ ၀မ်းဗိုက်ထဲက ကနေရီငှက်ရောင်စုံကလေးတွေဟာ ဘုရားစောင်းတန်းမှာ စာကလေးများလွှတ်လိုက်သလို တဖြွတ်ဖြွတ် ပျံထွက်လာကြပါတယ်။ ဒီအချိန်မှာ စောင်းညှင်းပတ်သာနဲ့ ကချေသည်များကလည်း နတ်မိမယ်လေးတွေအသွင်နဲ့ တောင်ပံ တဖြတ်ဖြတ်ခတ်လို့ ဥယျာဉ်ပတ်လည် ဟိုမှာဒီမှာ ပျံသန်းကခုန်ကြပါတယ်။ စက်သီးကြိုးနဲ့အဆွဲကောင်းလို့ မြင်းလန့်အပြေးမှာ ရဲမက်တယောက်တောင် အသက်ဆုံးရရှာသတဲ့။ ဒီပွဲမှာ ဗာတဲကြီး ကမ္ဘာကျော်သွားတဲ့ အချိုပွဲကတော့ ဒီနေ့ လူတိုင်းစားနေကြတဲ့ ဗနီလာ အိုက်စကရင် ဆိုတာ အဲဒီက စထွင်လိုက်ပါသတဲ့။ ဒီထိတော့ ဘာမှ ဟုတ်လောက်သေးပေါင်။ လူဝီ၁၄ ကတော့ ရွှေဘောတော်ကျလို့ သူပြန်လို့ ဗာတဲကို ထည့်လိုက်ရင် နယ်စားကြီးဆီက ရစရာ အကြွေးတွေ လျှော်ပစ်မယ်လို့တော့ စကားစနေရုံပါ။ ပြဿနာက အဲဒီညမှာ မမျှော်လင့်ပဲ လေကြီးမိုးကြီးကျပါတယ်။ နောက်တနေ့ အစီအစဉ်က ပင်လယ်နတ်ဘုရားနဲ့ သူ့အခြွေအရံများ ပျော်ပါးခန်းပါ။ ဥယျာဉ်တစ်ခုလုံး ရေမြောင်းတွေသွယ်၊ လှေတော်ဖောင်တော်များနဲ့၊ ရေခဲရုပ်တု ပန်းပုလက်ရာများနဲ့ အံ့မခန်းစီရင်ထားပါတယ်။ သို့သော် မုန်တိုင်းမိလို့ တံငါလှေများ ပြန်မလာနိုင်ပါဘူး။ စီစဉ်ထားတဲ့ ဟင်းလျာအားလုံးက ကုန်းသတ္တ၀ါအလွတ်၊ ဈေးထဲမှာ ငါးတန်းပတ်ရင်း ဗာတဲကြီးငိုင်ရှာပါတယ်။ နောက်ဆုံးတော့ တံငါလှေတွေဟာ တရက်နောက်ကျပြီး ရောက်အောင်လာကြပါတယ်။ ထမင်းစားပွဲကြီးလည်း မူလက စီစဉ်ထားတဲ့အတိုင်း ပင်လယ်စာ ဟင်းလျာများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြိး ပြီးစီးသွားပါတယ်။ လူဝီ၁၄ လို ဘုရင်မင်းမြတ်ကလည်း ဒီလူကြီးမှ မပါရင် ဗာဆိုင်းမပြန်တော့ဘူး ဖြစ်လာပါတယ်။ ဒါပေမယ့် အဲဒီညမှာ ဗာတဲကြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ သူ့ဟင်းလျာတွေဟာ အင်မတန်ညံ့ဖျင်းလို့ပါတဲ့။ သူလိုချင်တဲ့ လတ်ဆတ်မှုမရတဲ့ တညသိပ် ရေခဲရိုက်ငါးတွေနဲ့ ဘုရင်မင်းမြတ်ကို ဖြစ်သလို ဧည့်ခံလိုက်ရတာ ရှက်လွန်းလို့ မျက်နှာမပြ၀ံ့လို့ပါတဲ့ဗျား။ မောင်မင်းကြီးသား ပြင်သစ်တွေက ၀ိုင် တင်မဟုတ်ဘူး။ အိုဗာတင်းလည်း သောက်ကြသားနော်။
         ကျွန်တော်တို့ မြန်မာတွေထဲမလဲ စားရေးသောက်ရေးနဲ့ ပတ်သက်လာရင် သမိုင်းဝင်တွေရှိကြသားကလား။ နရသီဟပတေ့မင်းဆို ဟင်းခွက် ၃၀၀ နဲ့မှ ပွဲတော်တည်တယ် ဆိုကြသမို့လား။ ကျွန်တော်ကတော့ လူဝီ၁၄ ရဲ့ ရှောင်တရီ ရဲတိုက် ထမင်းစားပွဲကြီးကို မင်းခွေးချေးထမင်းအုပ်နဲ့ မပြိုင်ချင်ပါဘူး။ ၀န်ကြီးပဒေသရာဇာ ရဲ့ လယ်သမားဘွဲ့တျာချင်းလေးနဲ့ပဲ ပြိုင်ပါ့မယ်။ အခွေရရင် သီချင်းကလေးနဲ့တင်ပေးချင်တာ အခွေမရလို့ စာသားပဲတင်လိုက်ပါ့မယ်။
ဝသန်ကာလ မိုးကျတည့်လျှင်
ပျော်ပျော်ပါးပါး မယားနဲ့ ဆွေငယ်လင်
လက်တွဲငဲ့ ခြေငင် ကိုယ်တွင် အ၀တ်
ပုဆိုးအင်္ကျီ စုတ်ပြဲပြီ ချည်နီဗောင်းတွတ်တွတ်ကယ်နှင့်လေး။
မိုးရေစွတ်လို့ အ၀တ်ကယ်မပါ
သားသမီး ကိုယ်တီးပွေ့လို့သာ
ဆေးတံတထွာ ကိုက်ကာထွန်ရင်း
လယ်ကွက်တခွင် ထွန်ရေးငယ်ငင် ရေ၀င်ပုစွန်တွင်းငယ်နှင့်လေး။
ဖားပေါင်စင်းနှင့် ခြင်းပလိုင်းဝယ်
ခရုပီလော ရောနှော၍သာလွယ်
ဟင်းရွက်ကယ့်နုနယ် တသွယ်ကန်စွန်း
ဆူးပုပ်ကင်းပုံ အလုံးစုံ
အကုန်သာရောပြွမ်းသည်နှင့်လေး။
အိမ်သို့ရောက်ကာ လျှင်စွာချက်ပြုတ်
ထမင်းကပူ ဟင်းကပူ ရှူရှူသာရှမ်းငရုတ်ကယ်နှင့်လေး။
အလုတ်ကယ့် ဧရာသာ ငုံ့ကာလွေးတော့သည်။
သားမြေးငယ့်မာခြာ ဘယ်ညာထွေးတော့သည်။
           ကိုသာမြတ်ရဲ့ သူ့လယ်တောက ပီလောရယ်တဲ့ မှိုနတို ဟင်းချိုဟာ လူဝီ၁၄တို့ နရသီဟပတေ့တို့ရဲ့ စားတော်ပွဲလောက် မခမ်းနားပေမယ့် မြိန်တာချင်းတော့ တယ်မကွာလှပါဘူး။ အဲဒီစားတော်ပွဲတွေနေ့တိုင်းစားနေတဲ့ လူဝီ၁၄ နဲ့ နရသီဟပတေ့တို့ ဘယ်လိုနတ်ရွာစံကြရသလဲ သိကြလား။ အားမကျပါနဲ့ဗျာ။ ဆရာမှိုင်းကြီးလို ဟစ်လိုက်ရရင် “ဟေ့ တဗိုလ်ထမယ့် ညိုမြ ရဲ့။ ထင်းခုတ်တော့ ဟဲ့။ ထမင်းတလုပ်တော့ အများတကာနည်း စားရမှာမလွဲ” တဲ့။ ထမင်းတလုပ်ချင်းအတူတူကို သူများမျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ဘ၀ဟာ ထန်းလျက်မျိုလို့ ချိုစရာမရှိပါဘူးဗျာ။ လယ်သမားထမင်းလုပ်က ဂုတ်ပေါ် ဓါးမ၀ဲဘူး ခင်ဗျ။ ပေးချင်တဲ့ သစ္စာသာ ပေးပါဗျာ။ ကျွန်တော်ကတော့ ရှင်ဘုရင်လုပ်ဖို့ နေနေသာသာ ရှင်ဘုရင့်သားမြေးများ ဖြစ်ရမှာတောင် အလွန်ကြောက်ပါတယ်။ မောင်နှမအရင်းချင်းတောင် စိတ်မချရဘူးဗျ။ ကိုယ်မသတ် သူသတ်မှာ ဆို ကြောက်နေရတာ။ ဒီကနေ့မင်းသား တန်ခိုးထွားလှချည့် ဆိုပေမယ့် နက်ဖြန်သဘက် ထောင်နန်းစံချင်စံရတာ။ ဘယ်သူ့ကိုမှ ယုံလို့မရတဲ့ဘ၀။ လုပ်ရတဲ့ အကုသိုလ်နဲ့ စားရတဲ့ ထမင်းလုပ် ဘယ်လိုမှကို မတန်တာပါဗျာ။ စပျစ်သီးချဉ်တာမဟုတ်ပါဘူး။ ရှင်ဘုရင့်သားမြေးများဟာ အဆုံးအမ အနှိပ်အကွပ်မရှိလို့ ကိုယ့်ဒူးကိုယ်ချွန် အသိဥာဏ်အလိမ္မာ အများအားဖြင့် ခေါင်းပါးကြပါတယ်။ တို့ဗမာသာကီသွေးအစစ်တွေ တံခါးစောင့်နဲ့ ညားကြတာသာ ကြည့်ပါတော့။ မင်းလိုလိုက် မင်းကြိုက်ခစားရတဲ့ အတုအယောင် ပတ်ဝန်းကျင်မှာ ကြီးပြင်းရတာကိုး။ သေချာတွေးတတ်ရင် မိသားစု စုံစုံလင်လင် မရှိအတူ ရှိအတူ လက်ရည်တပြင်တည်း ဒေါင်းလန်းကြီးနဲ့စားတဲ့ မြန်မာထမင်းဝိုင်းကသာ မြိန်ရာဟင်းကောင်းလို့ ဆိုချင်ပါတော့တယ်။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ် တဲ့။ နားထောင်ချင်ရင်တော့ သီချင်းကလေးဆက်ပေးလိုက်ပါတယ်။
 http://soundcloud.com/tlwin/latyaetapyindi-dawkyiaung
from :  http://www.facebook.com/home.php?#!/notes/soe-min/b1478035/10150113909543902
Wednesday, November 3, 2010
lamb chops များ
ဒါတွေက တော့ room service အတွက် လုပ်ထားတဲ့ lamb chops ပါ။ sauce က mint gravy ပါ။ brown sauce နဲ့ mint sauce ကို ရောထားတာပါပဲ။ sauteed vegs N french fry , Grilled tomato n lamb chops တွေပါပဲ။ ဒီမှာ လည်း lamb chops တမျိုး တင်ဘူးပါတယ်။အဲ့ဒါက British restaurant အတွက်ပါ။
Filetto e Costolette D Agnello Salsato con Pesto Di olive Nere Liguri
Grilled lamb fillet and cutlets with roast gravy and black olive puree.
Agnello ဆိုတာက Lamb ကို ဆိုလိုတာပါ။ ဒီပွဲကတော့ အီတလီ ဆိုင်အတွက်ပါ။ olive puree ဆိုတာကလည်း ထူးထူးဆန်းဆန်း ဘာမှ မပါ ပါဘူး။ အောလစ်ကို blander နဲ့ရိုက်ထားပြီး olive oil . salt and pepper ပေါက်ပေးထားတာပါပဲ။ side dish အနေနဲ့ vegs N potatos ကို စိတ်ကြိုက်သာပေးတော့ဗျာ။